ကိုယ်ရေးအချက်အလက်

အမည် ဦးဇော်မိုးဝင်း
ရာထူး ညွှန်ကြား​ရေးမှူးချုပ်
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ

ညွှန်ကြားရေးမှူးချုပ် ဦးဇော်မိုးဝင်းသည် ၁၉၈၃ ခုနှစ်တွင် မန္တလေးတက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့(စိတ်ပညာ)၊ ၂၀၀၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာဒီပလိုမာနှင့် ၂၀၀၈ ခုနှစ်တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ မဟာဘွဲ့ (MPA) တို့ကို ရရှိခဲ့ပါသည်။ ၁၉၈၃ ခုနှစ်မှ ၁၉၉၇ ခုနှစ်ထိ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့က ခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိ ရာထူးစာမေးပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အရွေးခံရပြီး ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင် ဦးစီးအရာရှိရာထူးတာဝန်ကို ၁၂-၅-၁၉၉၇ ရက်နေ့မှ စတင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဗဟိုဝန်ထမ်း တက္ကသိုလ်(ဖောင်ကြီး) တွင် ၃၀-၉-၁၉၉၇ ရက်နေ့မှ ၉-၁-၁၉၉၈ ရက်နေ့အထိ ဖွင့်လှစ်သည့် အခြေခံဝန်ထမ်းလောင်းသင်တန်းအမှတ်စဉ် (၁၄၇)၊ ၂၀-၅-၂၀၁၃ ရက်နေ့မှ ၁၄-၆-၂၀၁၃ ရက်နေ့ အထိ ဖွင့်လှစ်သည့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ်(၁)နှင့် ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) တွင် ၂၆-၆-၂၀၁၇ ရက်နေ့မှ ၁၈-၈-၂၀၁၇ ရက်နေ့အထိ ဖွင့်လှစ်သည့် ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူး စီမံခန့်ခွဲမှုသင်တန်းအမှတ်စဉ် (၄) တို့သို့ တက်ရောက်ခဲ့ပါသည်။ ပြန်ကြားရေးဝန်ကြီးဌာနတွင် ဖွင့်လှစ်သည့် ပြည်သူ့ဆက်ဆံရေးသင်တန်းများ၊ ရန်ကုန်မြို့၊ မြန်မာ-စင်ကာပူသင်တန်းကျောင်းတွင်ဖွင့်လှစ်သည့် အင်္ဂလိပ်စာသင်တန်းများသို့ တက်ရောက်ခဲ့ပါသည်။

ဦးဇော်မိုးဝင်းသည် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနတွင် ဦးစီးအရာရှိ၊ လက်ထောက် ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် စသည့် ရာထူးအဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင်လည်း ဒုတိယ ပါမောက္ခချုပ် (စီမံခန့်ခွဲရေး) အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၁၂-၁၀-၂၀၂၁ ရက်နေ့မှ စတင်၍ ဝန်ထမ်းရေးရာဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။

ပြည်ပအတွေ့အကြုံများအနေဖြင့် ဦးဇော်မိုးဝင်းသည် အာရှဖွံ့ဖြိုးရေးဘဏ်အစီအစဉ်ဖြင့် ထိုင်း နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံများတွင် ကျင်းပသည့် Advanced Executive Development Program for Middle Level Officials သင်တန်း၊ ထိုင်းနိုင်ငံ (Mae Fan Luang University)၊ လာအိုနိုင်ငံ၊ တရုတ်နိုင်ငံများတွင် ကျင်းပသည့် Learning Program on GMS Competiveness and Inclusive သင်တန်း၊ တရုတ်နိုင်ငံ Peking University တွင် ကျင်းပသည့် Seminar on Public Service Reform and Innovation for Developing Countries သင်တန်း၊ ထိုင်းနိုင်ငံတွင် ကျင်းပသည့် Seminar on HR Innovation in ASEAN Countries Civil Service၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် Workshop on Test Item Writing Construction and Development ၊ စင်ကာပူနိုင်ငံနှင့် ဘရူနိုင်းဒါရုဆလမ်နိုင်ငံများတွင် ကျင်းပသည့် Workshop on IAI HRD အလုပ်ရုံဆွေးနွေးပွဲများ၊ အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပသည့် Workshop on Natural Disaster Reduction၊ ကမ္ဘောဒီးယား နိုင်ငံတွင် ကျင်းပသည့် Work Procedure Manual Workshop အလုပ်ရုံဆွေးနွေးပွဲများ၊ ကိုရီးယား သမ္မတနိုင်ငံ၊ မလေးရှား နိုင်ငံများသို့ အဆင့်မြင့်လေ့လာရေးခရီးများနှင့် ဂျပန်နိုင်ငံတွင် ကျင်းပသည့် Training Cooperation Program သို့ သွားရောက်ခဲ့ပါသည်။ (၁၅) ကြိမ်၊  (၁၆) ကြိမ်၊ (၁၈) ကြိမ် နှင့် (၁၉) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ အစည်းအဝေးကြီးနှင့် ဆက်စပ်အစည်းအဝေး များကို လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် စင်ကာပူနိုင်ငံများတွင် တက်ရောက်ခဲ့ပါသည်။ (၁၇) ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာအစည်းအဝေးကြီးနှင့် ဆက်စပ်အစည်းအဝေး များကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ပြင်သစ် နိုင်ငံသို့ ရာထူးဝန်အဖွဲ့၏ စာစစ်မှူးတာဝန်ဖြင့် သွားရောက်ခဲ့ပါသည်။

ပြည်တွင်းအတွေ့အကြုံများအဖြစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြီးကြပ်မှုဖြင့် ဂျပန်နိုင်ငံ ဆာဆာကာဝါငြိမ်းချမ်းရေးဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ နိုင်ငံ့ဝန်ထမ်းများအရည်အသွေးတိုးတက် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲများကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ နေပြည်တော်တို့တွင် ကျင်းပ ခြင်း၊ ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ပူးပေါင်း၍ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် Strategic Management Workshop ကျင်းပခြင်း၊ ကုလသမဂ္ဂအာရှနှင့် ပစိဖိတ်ဒေသ သတင်းအချက်အလက် နည်းပညာသင်တန်းဌာန (UN-APCICT)နှင့် ပူးပေါင်း၍ ဗဟို ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်)တို့တွင် ICT သင်တန်းများ ကျင်းပခြင်း၊ IAI အစီအစဉ်ဖြင့် ရန်ကုန်မြို့၊ မြန်မာ-စင်ကာပူ သင်တန်းကျောင်းတွင် သင်တန်းသား များ တက်ရောက်ရေး စီစဉ်ဆောင်ရွက်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံ အာဆီယံလူ့စွမ်းအားဗဟိုဌာနအစီအစဉ်ဖြင့် ရန်ကုန်မြို့တွင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် နိုင်ငံများမှ နိုင်ငံ့ဝန်ထမ်းသင်တန်းဆရာများ လေ့ကျင့်သင်ကြားရေးသင်တန်းကျင်းပရာတွင်လည်း ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ထို့အပြင် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ပြည်သူ့ဝန်ထမ်းအကယ်ဒမီ ဖွင့်လှစ်ရေးနှင့် နိုင်ငံ့ဝန်ထမ်းပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်ရေးဆွဲရေး အကြံပြု အလုပ်ရုံ ဆွေးနွေးပွဲများတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

ဦးဇော်မိုးဝင်းသည် နိုင်ငံ့ဝန်ထမ်းတာဝန်ထမ်းဆောင်စဉ် ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေ စိုးမိုးရေးတံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ ပြည်သူ့ဝန်ထမ်းတံဆိပ်၊ ပြည်သူ့ဝန်ထမ်း ကောင်းတံဆိပ်နှင့် စီမံထူးချွန်တံဆိပ် (တတိယဆင့်) များ ချီးမြှင့်ခြင်းခံရပါသည်။