အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)ရှိ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်နှင့် အဖွဲ့ဝင်များ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အမြဲတမ်းအတွင်းဝန် ဦးအောင်တင်စိုး၊ ဝန်ထမ်းရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မိုးဝင်း၊ ဥက္ကဋ္ဌရုံးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများနှင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU) အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အဖွဲ့ဝင် ဦးဆန်းမြင့်က အဂတိလိုက်စားမှုများကြောင့် လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တများ ပျက်စီးလာပြီး မျှတစွာ ယှဉ်ပြိုင်လိုစိတ်နှင့် ကိုယ်ရည် ကိုယ်သွေးများ ကျဆင်းလာကာ အဖွဲ့အစည်းများ၏ စွမ်းရည်ကျဆင်းခြင်းမှ နိုင်ငံတော်၏ ဖွံ့ဖြိုး တိုးတက်မှုကို အဟန့်အတားဖြစ်စေကြောင်း၊ ကောင်းမွန်သော ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ထိခိုက်စေပြီး အစိုးရအပေါ် ပြည်သူလူထု၏ ယုံကြည်မှုလျော့ကျစေခြင်းတို့အပြင် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုကြီးတစ်ခုလုံးကိုပါ ယိုယွင်းပျက်စီးစေကြောင်း၊ လူ့အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များဆုံးရှုံးခြင်းကို ဖြစ်ပေါ်စေသောကြောင့် အဂတိကင်းစင်ရေးကို အဓိကတာဝန်ကြီးတစ်ရပ်အဖြစ် နိုင်ငံတကာမှပူးပေါင်းတိုက်ဖျက်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို နားလည်သိရှိပြီး မိမိကစ၍ အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် အလေ့ အကျင့် ဖြစ်ထွန်းစေခြင်းဖြင့် ပူးပေါင်းပါဝင်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် အတွင်းရေးမှူး ဦးတင်ဆွေဝင်းက ကော်မရှင်အနေဖြင့် သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းပေါ်ပေါက်ရေး အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ခံယူ ဆောင်ရွက် လျက်ရှိကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေးကဏ္ဍများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိ လိုက်စားမှုဖြစ်ပေါ်ရခြင်း၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု၏ ဆိုးကျိုးများနှင့် တားဆီး ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ ကော်မရှင် အတွင်းရေးမှူးဦးဆောင်လျက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit-CPU)၊အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ တားဆီးဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။