ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော် (မြန်မာ – ရုရှား ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ)သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ Mr. Sholban KARA- OOL ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာလ (၄) ရက်၊ (၁၅:၂၀) နာရီတွင် ပြည်ထောင်စုရာထူးဝန် အဖွဲ့ ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ယင်းသို့တွေ့ဆုံစဉ် လက်ရှိ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံအကြား ရှေ့ဆက်လက် ဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ နောင်အနာဂါတ် ရုရှား- မြန်မာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အလား အလာကောင်းများ၊ မြန်မာ- ရုရှား ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌအနေဖြင့် မြန်မာနိုင်ငံတွင် ကျင်းပ    ပြုလုပ်မည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရုရှားနိုင်ငံမှ နိုင်ငံတကာလေ့လာသူအဖြစ် ပါဝင်အကူအညီ ပေးရေး၊ ရွေးကောက်ပွဲကျင်းပရန်အတွက် နိုင်ငံတကာမှ ကျင့်သုံးလျက်ရှိသည့် အလေ့အကျင့်များအား မျှဝေကူညီဆောင်ရွက်သွားမည့် အစီအစဉ်များတွင် ရုရှားဘာသာစကားပြန်များ ကူညီပံ့ပိုးပေးရန်နှင့် မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ သံတမန်ဆက်ဆံရေး (၇၇) နှစ်နီးပါးရှိပြီး ဖြစ်သည့်အတွက် မြေပြင်တွင် လက်တွေ့ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့မှုများနှင့် အပြန်အလှန် အကူအညီပေးရေး ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေနှင့် မြန်မာ – ရုရှားချစ်ကြည်ရေးအသင်းမှတာဝန်ရှိသူများ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA – OOL၊  မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Mr. Iskander AZIZOV၊ ဒူးမားလွှတ်တော်ကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Andrei KUZNETSOV၊ ပို့ဆောင်ရေးနှင့် ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် Mr. Petr AMMOSOV၊ လူငယ်ဆိုင်ရာ မူဝါဒကော်မတီအဖွဲ့ဝင် Mr. Viacheslav DAMDINTSURUNOV၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၏ လက်ထောက် Ms. Taygana DONGAK၊ ရုရှားနိုင်ငံရော့စ်တက်ခ်ကော်ပိုရေးရှင်း ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အကြံပေး Mr. Vladimir USTYUKHIN ၊ ဆိုက်ဘေးရီးယားသစ်လုပ်ငန်း OOO Krasnoyarskiy Centr Stroitel’ stva ၏ တည်ထောင်သူ Mr. Salavat KERIMOV နှင့် OOO Luzales သစ်နှင့်ပတ်သက်သော ပရိဘောဂလုပ်ငန်း ဥက္ကဋ္ဌ Mr. Ruslan SEMENYUK တို့ တက်ရောက် ခဲ့ကြပါသည်။

ယင်းနေ့ (၁၁:၁၅) နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သော်  (မြန်မာ– ဘယ်လာရုစ်ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးအသင်းဥက္ကဋ္ဌ) သည် ဟနွိုင်းမြို့ အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်သံအမတ်ကြီး H.E. Mr. Uladzimir Baravikou ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား   ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၏ ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

ဦးစွာ ဥက္ကဋ္ဌ ဦးအောင်သော်နှင့် သံအမတ်ကြီးတို့သည် မြန်မာ-ဘယ်လာရုစ် သံတမန် ဆက်ဆံရေးစတင်တည်ထောင်မှု (၂၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ကံ့ကော်ပင်ကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇) ပရိဝုဏ်အတွင်း စိုက်ပျိုးခဲ့ပါသည်။

ထို့နောက်နှစ်ဘက်တွေ့ဆုံ၍ မြန်မာ-ဘယ်လာရုစ်သံတမန်ဆက်ဆံရေး စတင်တည်ထောင်မှု (၂၅) နှစ်ပြည့် အထိမ်းအမှတ်ကျင်းပသွားနိုင်ရေး၊ နှစ်နိုင်ငံအဆင့်မြင့်ကိုယ်စားလှယ်များအကြား ခရီးစဉ်များစီစဉ်ကာ နှစ်နိုင်ငံဆက်ဆံရေးပိုမိုတိုးမြှင့်နိုင်ရေး၊  ကုန်သွယ်ရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားနိုင်ရေး၊ မြန်မာ-ဘယ်လာရုစ်ချစ်ကြည်ရေး မြှင့်တင် ဆောင်ရွက်ရေးစသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံဆွေးနွေးခဲ့ ကြပါသည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင် ဦးကျော်မျိုးထွဋ်၊ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဆွေနှင့် မြန်မာနိုင်ငံဆိုင်ရာဘယ်လာရုစ်သံအမတ်ကြီးနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။