ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရန်၊ လုပ်ငန်းခွင်အတွင်း Digital စနစ်ကို အသုံးပြုပြီးထိရောက်ကောင်းမွန်စွာစွမ်းဆောင်မှုပေးနိုင်ရန်နှင့် ဝန်ထမ်းများအနေဖြင့် ICT  နည်းပညာကို ပိုမိုသိရှိနားလည်ပြီးအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပံ့ပိုးကူညီဆောင်ရွက်သွားနိုင်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့်ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲအခမ်းအနားကို ၄-၇-၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ် (၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ရာပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးစစ်အေး၊ အဖွဲ့ဝင်များဖြစ်ကြသည့်ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့်သင်တန်းသား/ သူများတက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌဦးစစ်အေးက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကမ္ဘာ၌သိပ္ပံနှင့်နည်းပညာကဏ္ဍသည်တစ်ရှိန်ထိုးတိုးတက်လျက်ရှိပါကြောင်း၊ မည်သည့်ကိစ္စတွင်မဆို နည်းပညာအခြေပြုပြီးဆောင်ရွက်လာရသည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်နည်းပညာမြင့်မားရေးသည်အဓိကကျသည့်အခန်းကဏ္ဍမှပါဝင်လျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့်ရင်ပေါင်တန်းနိုင်ရေးသတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာပညာရပ်များအား အခြေခံအားဖြင့် တတ်မြောက်ထားရန်အထူးလိုအပ်ပါကြောင်း၊ ကွန်ပျူတာနည်းပညာနှင့်ဆက်စပ်သည့်ပညာရပ်များကိုရာထူးအဆင့်အတန်းအားလုံးမှအစဉ်တစိုက်လေ့လာသင်ယူလေ့ကျင့်မှုများလုပ်ဆောင်သွားမည်ဆိုပါက စွမ်းရည်ပြည့်ဝသည့်ဝန်ထမ်းကောင်းများဖြစ်လာမှာဖြစ်ပါကြောင်း၊ ၎င်းအပြင်ယနေ့လူ့စွမ်းအားအရင်းအမြစ်များစီမံခန့်ခွဲရာတွင် AI နည်းပညာများကိုပင်အချို့နိုင်ငံများ၌ အသုံးပြုနေသည်ကိုသတိပြုရန်နှင့်မိမိတို့မှလည်းအများနည်းတူရင်ပေါင်တန်းလိုက်ပါနိုင်ရေးကြိုးစားရန်လိုအပ်ပါကြောင်း၊ သင်တန်းမှကွန်ပျူတာအခြေခံဆိုင်ရာဘာသာရပ်များကို (၈)ပတ်ကြာဖွင့်လှစ်သင်ကြားပေးခဲ့သည့်အတွက် သင်တန်းတက်ရောက်ခဲ့သူများအနေဖြင့် သင်ကြားပေးလိုက်သောပညာရပ်များကို မိမိတို့လုပ်ငန်းခွင်ရှိနည်းပညာအခြေပြုလုပ်ငန်းများတွင် အကျိုးရှိရှိပေါင်းစပ်အသုံးပြုသွားရန်ဖြစ်ပါကြောင်း၊ ထို့အပြင်နည်းပညာအခြေပြုရုံးလုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် တိကျလျင်မြန်မှုနှင့်သတင်းအချက်အလက်လုံခြုံမှုရှိရန်လိုအပ်သည့်အတွက် အလေးထားဆောင်ရွက်သွားကြရန်နှင့်ထိရောက်မြန်ဆန်သောပြည်သူ့ဝန်ဆောင်မှုများပေးရန်အတွက် အဖွဲ့၏ e- Government အကောင်အထည်ဖော်ရေးလုပ်ငန်းများတွင်လည်း ဟန်ချက်ညီညီပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် အထူးလိုအပ်ပါကြောင်းမှာကြားခဲ့ပြီးသင်တန်းသား / သူများ၏ လက်တွေ့သရုပ်ပြခြင်းအစီအစဉ်ကို လိုက်လံကြည့်ရှုစစ်ဆေး၍ သင်တန်းဆင်းအောင်လက်မှတ်များချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ဥက္ကဋ္ဌရုံးအဖွဲ့နှင့်ဦးစီးဌာနများမှသင်တန်းသား (၁၀) ဦးဖြင့် ၉-၅-၂၀၂၃ရက်မှ၃၀-၆-၂၀၂၃ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာသင်တန်းတွင် ICT လုပ်ငန်းဆိုင်ရာဗဟုသုတများ၊ ERICSS စီမံကိန်းဆိုင်ရာအကြောင်းများ၊ Window Installation ၊ Microsoft Office Word၊ Microsoft Office Excel၊ Microsoft Office Power Point၊ Network Security နှင့် Adobe Photoshop CS3 စသည်တို့ကိုသင်ကြားပို့ချပေးခဲ့ပါသည်။