ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ် တိုးတက်မြင့်မားစေရန်၊ ကွန်ပျူတာအခြေပြုရုံးလုပ်ငန်းဆိုင်ရာ အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သည့် ကွန်ပျူတာအဆင့်မြင့်သင်တန်း အမှတ်စဉ်  (၁ / ၂၀၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီ၌ ပြည်ထောင်စုရာထူးဝန် အဖွဲ့၊ ရုံးအမှတ်(၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား / သူများ တက်ရောက်ခဲ့ကြပါသည်။

သင်တန်းဆင်းပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်သော်က အဖွင့်အမှာစကား ပြောကြားရာတွင် ကွန်ပျူတာနည်းပညာသည် ၂၀ ရာစုနှောင်းပိုင်းနှင့် ၂၁ ရာစုအစပိုင်းအချိန်တို့တွင် ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် နည်းပညာနှင့် အသားကျနေပြီဖြစ်သော်လည်း မိမိတို့ဖွံ့ဖြိုးဆဲနိုင်ငံများ အနေဖြင့် ကွန်ပျူတာနည်းပညာနှင့်ပတ်သက်၍ အတွေ့အကြုံနည်းပါးခဲ့ပါကြောင်း၊ ယခုအခါတွင် ကွန်ပျူတာနှင့်နည်းပညာများကို အသုံးပြုခြင်းသည် ရုံးလုပ်ငန်းများအတွက်သာမက တစ်ဦးချင်း အတွက်ပါ အရေးပါလာပါကြောင်း၊ ကွန်ပျူတာစာစီစာရိုက်မှတစ်ဆင့် သတင်းအချက်အလက်နှင့် နည်းပညာများကို အသုံးပြုနိုင်သည်အထိ တိုးတက်လာပြီဖြစ်ပါကြောင်း၊ သတင်းနှင့်နည်းပညာသည် လက်နက်သဖွယ်ဖြစ်လာ၍  မဖြစ်မနေ သင်ကြားလေ့လာကြရန်လိုပါကြောင်း၊ သင်တန်းမှ သင်ကြား ပေးလိုက်သည့် နည်းပညာများကို အသုံးပြု၍ ရုံးလုပ်ငန်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ကြရမည် ဖြစ်ကြောင်း၊ ရုံးလုပ်ငန်းဆိုင်ရာ အချက်အလက်များကို လိုအပ်သည့်အချိန်တွင် လွယ်ကူလျင်မြန်စွာ ထုတ်ပေးနိုင်သည့် ပရိုဂရမ်များ၊ ဆော့ဝဲလ်များရေးဆွဲနိုင်သည်အထိ လေ့လာဆည်းပူးကြရန် လိုအပ် ပါကြောင်း၊ ဆော့ဝဲများရေးသားရာတွင်လည်း ခက်ခဲသည့်  အပိုင်းများရှိသကဲ့သို့ လွယ်ကူသည့်အပိုင်း များလည်း ရှိပါကြောင်း၊ နည်းပညာများကို အဆင့်မြှင့်တင်နိုင်ရေးအတွက် Hardware နှင့် Software များကို ကျွမ်းကျင်စွာ အသုံးချနိုင်သည်အထိ ဆက်လက်လေ့လာဆည်းပူးသွားကြရန်လိုကြောင်း၊ ဆက်လက်၍လည်း ယခုကဲ့သို့ လုပ်ငန်းခွင်မပျက် သင်တန်းများ ဖွင့်လှစ်သွားခြင်းဖြင့် ဝန်ထမ်းအားလုံး ကွန်ပျူတာတတ်ကျွမ်းလာပြီး ရုံးလုပ်ငန်းစီမံခန့်ခွဲခြင်းနှင့် ဝန်ဆောင်မှုများပေးရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း  မှာကြားခဲ့ပြီး သင်တန်းဆင်းအောင်လက်မှတ်များ ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို ဥက္ကဋ္ဌရုံးအဖွဲ့နှင့် ဦးစီးဌာနများမှ သင်တန်းသား (၁၀) ဦးဖြင့် ၂ – ၈ – ၂၀၂၃ ရက်မှ ၂ – ၁၀ – ၂၀၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးခဲ့ရာ သင်တန်းတွင် Communication Tool များ အသုံးပြုခြင်း၊ e-mail အသုံးပြုနည်း၊ Video Editing၊ Adobe Photoshop CS3 (Level 2)၊ Advanced Excel၊ Hyper Text Markup Language(HTML)နှင့် Office Equipment များ အသုံးပြုခြင်း စသည်တို့ကို သင်ကြားပို့ချပေးခဲ့ပါသည်။