ပြည်ထောင်စုရာထူးဝန်အဖွဲ့တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် စဉ်ဆက်မပြတ်တိုးတက်မြင့်မားစေရန်၊ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်စေရန်၊ ကွန်ပျူတာအခြေခံတတ်မြောက်ပြီးသည့်  အရာထမ်း၊ အမှုထမ်းများအနေဖြင့် လက်တွေ့ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်လျင်မြန်မှုရှိစေရန်ရည်ရွယ်၍ ဖွင့်လှစ်သည့် ကွန်ပျူတာ အဆင့်မြင့်သင်တန်းအမှတ်စဉ် (၁ / ၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ရုံးအမှတ်(၁၇)၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေး၊ အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့် ဦးရဲနိုင်၊ ဦးစိုးတင့်၊ သူရဦးဘိုနီ၊ ဦးသန်းဝင်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား / သူများ တက်ရောက်ခဲ့ကြပါသည်။ သင်တန်းဖွင့်ပွဲ၌ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးစစ်အေးက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ကမ္ဘာ၌ သိပ္ပံနှင့်နည်းပညာကဏ္ဍသည် တစ်ရှိန်ထိုးတိုးတက်လျက်ရှိပါကြောင်း၊ မိမိတို့ဌာနသည်လည်း IT နည်းပညာနှင့် ပတ်သက်၍ Smart ဖြစ်နေရန်လိုကြောင်း၊ ထိုသို့ဖြစ်စေရန် ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့် Master Plan ရေးဆွဲဆောင်ရွက်နေကြောင်း၊သို့မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံ့ဝန်ထမ်းများ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာမြင့်မားရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်း များ၏ English Four Skills နှင့် ICT Skills တို့ကို တိုးမြှင့်ပေးရန်လိုအပ်ကြောင်း၊ ယခုသင်တန်းသို့ တက်ရောက်မည့်သူများအနေဖြင့် အပြည့်အဝလိုက်နာကြိုးစားကြပြီး ကျွမ်းကျင်စွာဖြင့် Adapt ဖြစ်စေရန် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုသင်တန်းတွင် ရုံးလုပ်ငန်းများ၌ အသုံးပြုလျက်ရှိသော Communication Tools ၊ e-Mail ၊ Video Editing၊ Adobe photoshop CS3 (Level 2)၊ Advanced Excel၊ Hyper Text Markup Language (HTML)၊ Office Equipment စသည့် ဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်၍ အလေးအနက်ထား သင်ယူသွားရန်လိုကြောင်း၊ ရုံးစာများကို Fax ဖြင့် လက်ခံခြင်း/ ပေးပို့ခြင်းများ ဆောင်ရွက်ရာတွင် လုံခြုံမှုအဆင့်ရှိစွာဖြင့် Control Managing ရှိရန်လိုကြောင်း၊ ဌာနတာဝန်ခံများမှလည်း ကွန်ပျူတာအဆင့်မြင့် သင်တန်း တက်ရောက်ပြီးသူများကို ဌာနခွဲများတွင် ပြန်လည်အသုံးပြုနိုင်ရေး တာဝန်ပေးအပ်ရန် လိုကြောင်း၊၎င်းအပြင် ယနေ့လူ့စွမ်းအားအရင်းအမြစ်များစီမံခန့်ခွဲရာတွင် AI နည်းပညာများကိုပင် အချို့နိုင်ငံများ၌ အသုံးပြုနေသည်ကို သတိပြုရန်နှင့် မိမိတို့မှလည်း အများနည်းတူ ရင်ပေါင်တန်း လိုက်ပါနိုင်ရေး ကြိုးစားရန်လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။အဆိုပါသင်တန်းကို ဥက္ကဋ္ဌရုံး အဖွဲ့နှင့် ဦးစီးဌာနများမှ သင်တန်းသား (၁၀) ဦး ဖြင့် ၂- ၈- ၂၀၂၃ ရက်မှ ၂- ၁၀- ၂၀၂၃ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည်။