ကိုယ်ရေးအချက်အလက်

အမည် ဦးကျော်သူ
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ (၅-၂-၂၀၀၉ မှ ၃၀-၃-၂၀၁၆ ထိ)

ဦးကျော်သူကို ၁၉၄၉ ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့၌ မိဘ နှစ်ပါးဖြစ်သူ နိုင်ငံတော်သမ္မတ‌ ဒေါက်တာမောင်မောင်(ကွယ်လွန်) နှင့် ဒေါ်ခင်မြင့်တို့မှ ရန်ကုန် မြို့တွင် မွေးဖွားခဲ့ပါသည်။ ဦးကျော်သူ သည် ၁၉၆၇ ခုနှစ် အထက်တန်းပညာ သင်ယူပြီး ဆုံးချိန်တွင် စစ်တက္ကသိုလ်ဗိုလ်လောင်း အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး မေမြို့(ပြင်ဦးလွင်) စစ်တက္ကသိုလ်တွင် လေ့ကျင့်ပညာသင်ယူခဲ့ပါသည်။ ၁၉၇၁ ခုနှစ်တွင် စစ်တက္ကသိုလ်မှ သိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ ကာကွယ်ရေးနှင့်လုံခြုံရေးဒီပလိုမာဘွဲ့ကို ရရှိခဲ့ပါသည်။ ၁၉၇၁-၁၉၉၈ နှစ်များအတွင်း ဦးကျော်သူ သည် တပ်မ‌တော် (ကြည်း) ခြေလျင်/ ခြေမြန် တပ်ရင်းများတွင် ရာထူးအဆင့်အမျိုးမျိုးဖြင့် ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူးအဆင့်အထိ တာဝန် များကို ထမ်းဆောင်ခဲ့ရာ တပ်မတော်မှ ချီးမြှင့်သည့် တပ်မတော်ဂုဏ်ဆောင် အမှုထမ်းတံဆိပ်၊ တပ်မတော်ရွှေရတုနှစ်အထိမ်းအမှတ်တံဆိပ်၊ နိုင်ငံတော်စစ်မှုထမ်းတံဆိပ်၊ ပြည်သူ့စစ်တိုက်ပွဲဝင် တံဆိပ်၊ နိုင်ငံတော်အေးချမ်းသာယာရေးတံဆိပ်၊ မိုင်းယန်း/မဲသဝေါ တိုက်ပွဲတံဆိပ်၊ ရန်ငြိမ်းအေးတံဆိပ်၊ တပ်မတော်ဂုဏ်ဆောင်အမှုထမ်းတံဆိပ် (ဒုတိယအဆင့်)၊ စစ်မှုထမ်းသက်နှစ် (၂၀)တံဆိပ်၊ နိုင်ငံ့ဝန်ထမ်းတံဆိပ်၊ စစ်ပွဲတံဆိပ် (၁၉၇၄-၁၉၈၈) နှင့် စစ်ပွဲတံဆိပ် (၁၉၈၈-၁၉၉၀) အစရှိသည်တို့ကို ရရှိခဲ့ပါသည်။
တပ်မတော်တွင် နှစ် (၃၀)ကြာမျှ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်နောက် နိုင်ငံခြားရေးဝန် ကြီးဌာနတွင် ပြောင်းရွှေ့ထမ်းဆောင်ရန် တာဝန်ပေးအပ်ခြင်းခံခဲ့ရပါသည်။ ၁၉၉၁ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ တောင်အာဖရိကသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ အိန္ဒိယသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့ပါသည်။ ယင်းနောက် ၂၀၀၃ ခုနှစ်တွင် ဦးကျော်သူအား နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် သံတမန်တာဝန် ထမ်းဆောင် စဉ်ကာလအတွင်း Green Diplomacy Award-2002( India Institute of Ecology and Environment )2003 IMM Award for Excellence as Top Diplomat ( Ministry of Human Resource Development- India) Medal for Excellent Performance in Administrative Field (First Class) (Myanmar) ဆုတံဆိပ်များ ရရှိခဲ့ပါသည်။
၂၀၀၈ ခုနှစ်၊ မေလအတွင်း မြန်မာနိုင်ငံတွင် နာဂစ်လေမုန်တိုင်း တိုက်ခတ်ခြင်းခံခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးနှင့် အနာဂတ်သဘာဝ ဘေးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် ကုလသမဂ္ဂ၊ အာဆီယံနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရတို့ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့(Tripartite Core Group) ၏ ဥက္ကဋ္ဌအဖြစ် ဦးကျော်သူကို တာဝန်ပေး အပ်ခဲ့ပါသည်။ အဆိုပါ စွမ်းဆောင်မှုအတွက် ၂၀၁၃ ခုနှစ်၊ မေလ (၂၃) ရက်နေ့တွင် ဦးကျော်သူအား ကိုရီးယားသမ္မတနိုင်ငံ၊ ဆေဟန်တက္ကသိုလ်မှ Honorary Doctorate in Public Administration အပ်နှင်းခဲ့သည်။
ဦးကျော်သူအား နိုင်ငံတော်မှ ၂၀၀၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့ (ယခု- ပြည်ထောင်စုရာထူးဝန်အဖွဲ့) ဥက္ကဋ္ဌအဖြစ် ခန့်ထားတာဝန်ပေးအပ်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် သီရိပျံချီဘွဲ့ကို အပ်နှင်းချီးမြှင့်ခဲ့ပါသည်။ ဦးကျော်သူနှင့်ဇနီး ဒေါ်လဲ့လဲ့ကြည်တို့မှ သမီး ဒေါ်မြသန္တာဦးနှင့် သား ဦးအောင်ကျော်စိုးတို့ (၂)ဦး ထွန်းကားခဲ့ပြီး မြေး(၂)ဦး ရှိပါသည်။