ကိုယ်ရေးအချက်အလက်

အမည် ဒေါက်တာသန်းညွန့်း
တာဝန်ထမ်းဆောင်ခဲ့သည့် ကာလ (၉-၇-၁၉၉၉ မှ ၄-၂-၂၀၀၉ ထိ)

ဒေါက်တာသန်းညွန့်အား ဖခင် ဦးညွန့် (Executive Secretary, UN-ECAFE/ESCAP) နှင့် မိခင် ဒေါ်သန်းတင်တို့မှ ၁၉၃၇ ခုနှစ် အောက်တိုဘာလတွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့ပါ သည်။ တက္ကသိုလ်ဝင်ထမ်းစာမေးပွဲကို စိန်ပေါလ်အထက်တန်းကျောင်းမှ ၁၉၅၂ ခုနှစ်တွင် အောင်မြင်ခဲ့ရာ  မြန်မာတစ်နိုင်ငံလုံး ရမှတ်အများဆုံး ပဉ္စမနေရာဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့သောကြောင့် ကောလိပ်ပညာသင်ဆု (Collegiate Scholarship) ချီးမြှင့်ခံခဲ့ရသည်။ ၁၉၅၃ ခုနှစ်မှ ၁၉၅၈ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့ပြီး စီးပွားရေးအထူးပြု ဘာသာရပ်၊ ဂုဏ်ထူးတန်း(ပထမအဆင့်)ဖြင့် ဘွဲ့ရရှိခဲ့ပါသည်။ ရန်ကုန်တက္ကသိုလ်၌ ပညာ သင်ကြားစဉ်ကာလအတွင်း ပညာရပ်ပိုင်းဆိုင်ရာ ထူးချွန်မှုများအနေဖြင့် တက္ကသိုလ် တစ်ကျောင်းလုံးတွင် ဝိဇ္ဇာဘွဲ့စာမေးပွဲများနှင့် နှစ်လယ်စာမေးပွဲများ၌ ငွေတံဆိပ်ဆုနှင့် ဂုဏ်ထူးတန်း၌ ရွှေတံဆိပ်ဆုများ အသီးသီးရရှိခဲ့ပါသည်။ ဒေါက်တာသန်းညွန့်သည် ၎င်း တက္ကသိုလ်တက်စဉ် ကာလတစ်လျှောက်လုံး၌ တက်ကြွသော လှေလှော်ရွက်တိုက် အား ကစားသမားတစ်ဦးဖြစ်ပြီး၊ တက္ကသိုလ်လှေလှော်ရွက်တိုက်အသင်း၏ အဖွဲ့ဝင်တစ်ဦးဖြစ် သကဲ့သို့ ကလပ်အသင်းများ လှေလှော်ပြိုင်ပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်ခဲ့သဖြင့် ရွှေအဆင့်အဖွဲ့ဝင်အဖြစ် အသိမှတ်ပြုခံခဲ့ရပါသည်။ ၁၉၅၈-၁၉၅၉ ခုနှစ်အတွင်း ရန်ကုန် တက္ကသိုလ် လှေလှော်ရွက်တိုက်အသင်း၏ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူဆောင် ရွက် ခဲ့ပါသည်။ မြန်မာနိုင်ငံအစိုးရမှ ပညာဆင်ဆု ချီးမြှင့်ခဲ့သည့်အတွက် ၁၉၆၀ ခုနှစ်မှ ၁၉၆၃ ခုနှစ်အထိ London School of Economics တွင် ပညာသင်ကြားခွင့်ရရှိခဲ့ပြီး၊ မဟာသိပ္ပံဘွဲ့ (စီးပွားရေး) {M.Sc (Econ.)} ကို ရရှိခဲ့ပါသည်။ ၁၉၇၀ခုနှစ်တွင် ကိုလံဘိုအစီအစဉ် ပညာသင်ဆု ချီးမြှင့်ခံရပြီး၊ နိုဘယ်ဆုရှင် Richard Stone ၏ ပညာသင်အစီအစဉ်ဖြင့် ဗြိတိန်နိုင်ငံရှိ  Trinity College, Cambridge University တွင် စီးပွားရေးဆိုင်ရာစာရင်းအင်း အထူးပြု ဘာသာရပ်ဖြင့် ထပ်မံပညာသင်ကြားခဲ့ပြီး၊ ၁၉၇၅ ခုနှစ်တွင် အဆိုပါတက္ကသိုလ်မှ ပါရဂူဘွဲ့ကို ရရှိခဲ့ပါသည်။ ယင်းနောက် ရန်ကုန်စီးပွားရေးတက္ကသိုလ်၌ ၁၉၇၈ ခုနှစ်တွင် ပါမောက္ခအဖြစ် လည်းကောင်း၊ ၁၉၈၆ ခုနှစ်တွင် ဒုတိယပါမောက္ခချုပ်အဖြစ်လည်းကောင်း၊ ၁၉၉၃ ခုနှစ်တွင် ပါမောက္ခချုပ်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် ပညာရေး ဝန်ကြီးဌာန၌ ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီး၊ ၁၉၉၉ ခုနှစ်တွင် ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်တာဝန်ပေးခြင်း ခံခဲ့ရပါသည်။

ဒေါက်တာသန်းညွန့် အနေဖြင့် အာရှ၊ ဩစတြေးလျ၊ ဥရောပနှင့် အမေရိကန် ပြည်ထောင်စုများ၌ ကျင်းပပြုလုပ်ခဲ့သည့် ကွန်ဖရင့်များ၊ အစည်းအဝေးများ၊ စာတမ်းဖတ်ပွဲ များ အပါအဝင် အခြားသော အခမ်းအနားများသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် မြန်မာမစ်ရှင်၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာ ပြည်နယ်၌ သမ္မတဟောင်း ကာတာထံသို့ သွားရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်းနှင့် ဩစတြေးလျ၊ ဥရောပ၊ ဂျပန်နှင့် အမေရိကန်ပြည်ထောင်စုများရှိ အဖွဲ့အစည်းများနှင့် တက္ကသိုလ်များသို့လည်း အလားတူ သွားရောက်၍ ရှင်းလင်းတင်ပြခြင်းကို ဆောင်ရွက်ခဲ့ပါ သည်။ ၁၉၉၅ ခုနှစ်တွင် ကိုပင်ဟေဂင်၌ ကျင်းပပြုလုပ်ခဲ့သော လူမှုဖွံ့ဖြိုးတိုးတက်မှု ကမ္ဘာ လုံးဆိုင်ရာကွန်ဖရင့် (World Conference on Social Development)တွင် မြန်မာကိုယ် စားလှယ်အဖွဲ့၏ ဒုတိယအဖွဲ့ခေါင်းဆောင်အနေဖြင့် ပါဝင်တက်ရောက်ခဲ့ပါသည်။ ထို့ပြင် ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အခြားနိုင်ငံတကာ အဖွဲ့အစည်းများအတွက် အစီရင်ခံစာ များနှင့် စာတမ်းများ ပြုစုတင်ပြခဲ့ပါသည်။ ဒေါက်တာသန်းညွန့်အနေဖြင့် ဝန်ထမ်းရွေးချယ် လေ့ကျင့်ရေးအဖွဲ့၊ ဥက္ကဋ္ဌဖြစ်သည့် အားလျော်စွာ အာဆီယံနိုင်ငံများတွင် ကျင်းပပြုလုပ်လေ့ ရှိသည့် အာဆီယံနိုင်ငံ့ဝန်ထမ်းကွန်ဖရင့်ကဏ္ဍ (ASEAN Conference on Civil Service Matters-ACCSM) ဆိုင်ရာ အစည်းအဝေးများသို့လည်း ပါဝင်တက်ရောက်ခဲ့ပါသည်။ ၂၀၀၅ ခုနှစ်တွင် အာဆီယံပဋိဉာဉ်ရေးဆွဲပြင်ဆင်ခြင်းအတွက် ဖွဲ့စည်းထားရှိသည့် အာဆီယံ ထူးချွန် ပညာရှင်များအဖွဲ့ (The ASEAN Eminent Persons Group) တွင် မြန်မာနိုင်ငံ ကိုယ်စား ပြုအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရ ပါသည်။

ဒေါက်တာသန်းညွန့်သည် မြန်မာနိုင်ငံအတွက်စီးပွားရေးကျွမ်းကျင်ပညာရှင်အနေဖြင့် သာမက ပညာရေးကျွမ်းကျင်ပညာရှင် အနေဖြင့်ပါ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းအနေဖြင့် ၁၉၅၆-၁၉၆၀ ခုနှစ် လေးနှစ်တာကာလ ယာယီစီးပွားရေးစီမံကိန်းအား ပြုစု ရေးဆွဲခြင်း၊ ၁၉၆၆-၁၉၆၇ ခုနှစ် နိုင်ငံသားတစ်ဦးချင်းအလိုက် ဝင်ငွေခန့်မှန်းမှုအပေါ် ပြန်လည်စိစစ် တွက်ချက်ခြင်းနှင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင်လည်း အမျိုးမျိုးသော ဥပဒေ ပြုခြင်းကိစ္စရပ် များ၌ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်အထိ စီးပွားရေးဘာသာရပ် ဆိုင်ရာ ပညာရှင် အဖွဲ့၏ ဥက္ကဋ္ဌအနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံရှိ အခြေခံပညာအထက် တန်းကျောင်းများ အတွက် ဘောဂဗေဒဘာသာရပ် စစ်ဆေးရေးအကြီးအကဲအနေဖြင့် လည်းကောင်း ပါဝင် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၉၃-၁၉၉၄ ခုနှစ်အတွင်း ဗဟိုဘဏ်၌ အဖွဲ့ဝင် အနေဖြင့် တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၊ ပညာရေးကော်မတီ၏ အဖွဲ့ဝင်အနေဖြင့် လည်းကောင်း၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်အနေဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်ရေးဆွဲရေးဆိုင်ရာ အမျိုးသားအဆင့်ကွန်ဗင်ရှင်း၏ အကြီးအကဲများ အဖွဲ့တွင် အဖွဲ့ဝင်အနေဖြင့်လည်းကောင်း တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။ ၎င်းနောက် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်အနေဖြင့် ဆောင်ရွက်ခဲ့ပါသည်။